Wednesday, May 13, 2020

ခင်သန္တာ - နှောင်ကြိုးမဲ့ တွယ်ငြိခြင်း

"ကြိုးတို့၏ သဘောသည်
ရှုပ်ထွေး ငြိတွယ်တတ်သော်လည်း
တွယ်ငြိမိသည့် အချို့သော သံယောဇဉ်ကြိုးများသည်
ရလိုမှု၊ လောဘ၊ အတ္တနှင့် မာန်မာနတို့ ကင်းနေသည့်
နှောင်ကြိုးမဲ့ ဖြစ်နေသည်ကို တွေ့မိသည့်အခါ
"နှောင်ကြိုးမဲ့ တွယ်ငြိခြင်း"ကို
ဖန်တီးရေးဖွဲ့ပါသည်။ " လို့ စာရေးသူက အဖွင့်မှာဆိုထားပါတယ်။
တစ်ခါတစ်လေကျရင် တကယ့်အဖြစ်အပျက်တွေဟာ ဝတ္ထု ဇာတ်လမ်းတွေ ရုပ်ရှင်တွေထက် ဆန်းကျယ်ပါတယ်။ ဒီဇာတ်လမ်းကရောလို့ မေးလာရင် ဒီလိုသံယောဇဉ်ကြိုးတွေ အပြင်မှာလည်း ကြိမ်းသေရှိမှာပါ။ ဒါပေမယ့် ဝတ္ထုထဲက ဖိုးကုလားလို သူကချည်းပေးဆပ်ရတဲ့ သံယောဇဉ်ကတော့ ရှားပါတယ်။ ပြီးတော့ သဲမာဆိုတဲ့ အဓိကဇာတ်ဆောင် (မင်းသမီးပေါ့လေ) သူမလို့ တစ်ဘဝလုံး အခက်အခဲတွေနဲ့ ရုန်းကန်ရတဲ့ မိန်းမတွေလည်း အများကြီးပါပဲ။ ဒါကြောင့် လူထဲလူတွေအကြောင်းကိုပဲ ဖွဲ့သီထားတဲ့ ဒီဝတ္ထုဟာ ဖတ်လို့ကောင်းတဲ့ ဝတ္ထုတစ်ပုဒ်ပါ။ သဲမာရဲ့ ဘဝဟာ ဘာကြောင့်ဒီလောက်ခက်ခဲရတာလဲလို့ ဝေဖန်ရမယ်ဆိုရင် သူမစလျှောက်တဲ့ ဘဝလမ်းကြောင်း မှားယွင်းခဲ့တာကြောင့်လို့ အပြစ်ဆိုရမှာပဲ။ သူမချစ်တဲ့ ကိုလေးနောက်လိုက်ကတည်းက စမှားတာပါ။ ကိုလေးဟာ နဂိုထဲက သဲမာကို မချစ်ခဲ့လို့သာ အိမ်ထောင်တစ်ခုကို အကောင်းဆုံး ဦးဆောင်မှု မပြုခဲ့တာပါ။ ပြောရရင် တစ်သက်လုံး ပြင်မရတဲ့ သူ့ရဲ့ ပေါ့ပေါ့နေ ပေါ့ပေါ့စားဗီဇကြောင့်လည်း ဘဝတွေ ဆိုးရွားရတာပါ။
ဒါကြောင့် ဒီခေတ်မှာပြောလာကြတဲ့ ကိုယ့်လက်ထဲရောက်မှ ယောကျ်ားတစ်ယောက်ကို ပြုပြင်ပေးနိုင်မယ်ဆိုတဲ့ အတွေးအခေါ်မှားတယ်ဆိုတာ ကွက်တိနော်။ ဗီဇဆိုတာ ပြောင်းလဲပေးလို့ မရဘူး။ သူတို့အိမ်ထောင်ရေးမှာ သဲမာရဲ့ ယောက္ခမဖြစ်သူ မေချိုနဲ့ မမကြီးကြောင့်သာ သဲမာလမ်းပေါ်မရောက်တာလို့ ပြောရမယ်။ ပြီးတော့ ကလေးတွေအများကြီး မွေးခိုင်းတဲ့ mindset အဲဒါကြီးက ကိုလေးရဲ့ ဇာတိစရိုက်ကိုပြတာပဲ။ အိမ်ထောင်ပြုပြီးရင် အိမ်မှာနေ သားသမီးတွေမွေး၊ ယောကျ်ားမရှာနိုင်တဲ့အခါ ဒုက္ခတွေရောက်။ ဒါကြီးကို အဲဒီခေတ်က အော်တိုလက်ခံတဲ့ ခေတ်နော်။ ဇာတ်လမ်းကို အပေါ်စီးက ကြည့်ရတဲ့ စာဖတ်သူကတော့ အဲဒီလို ယောကျ်ား မိန်းမတွေကို ဖတ်ရရင် ဆူချင်ဆဲချင် ထုချင်တာနော်။ 😂
ဒီဇာတ်လမ်းမှာ စာဖတ်သူကို မတူတဲ့ရသပေးတဲ့အရာကတော့ ဖိုးကုလားနဲ့ သဲမာတို့မိသားစုအတူ နေကြတဲ့အခါမှာ သူတို့နှစ်ယောက်ကို စာရေးဆရာက ပေးမညားတဲ့အချက်ပါ။ ဒါကြောင့်လည်း နှောင်ကြိုးမဲ့ တွယ်ငြိခြင်းဆိုတာ ဖြစ်လာရတာပဲလေ။ ဖတ်နေရင်း သူမအစားမောလို့ ကျွန်မတွေးမိတာ သဲမာကို ပေးသေလိုက်ပါတော့ဆိုတာ ခဏခဏပဲ။ တစ်ခါတစ်လေကျတော့လည်း စျေးရောင်းပါလား၊ အလုပ်တစ်ခုခု ဝင်ပါလားတွေးမိရင်လည်း ဪ-သူ့မှာ ပညာအရည်အချင်းအားနည်းတယ်လေ၊ သားသမီးတွေအများကြီးကို တစ်ယောက်ထဲဝင်ငွေနဲ့ ဘယ်ရုန်းနိုင်မလဲ၊ ခေတ်စနစ် အခြေအနေရှိသေးတယ်လေလို့ ပြန် ပြန်တွေးရတယ်။ သဲမာရဲ့ သားသမီးတွေထဲမှာ တာရာတစ်ယောက်ပဲ ဆိုးတဲ့သူပါလာတာကို ကျေးဇူးတင်ပါတယ်။ ကိုယ့်ဘဝကိုယ်သိပြီး လိမ္မာတဲ့ သားသမီးတွေရှိတာ သဲမာအတွက် အားပါပဲ။ ဖိုးကုလားကို ကြည့်ပြန်ရင်လည်း သူ့ရဲ့အချစ်ဦးဟာ သဲမာပါ။ ပြီးတော့ စာမတတ်ပေမတတ်တစ်ယောက်ဖြစ်ပေမယ့် ဘဝကို အကောင်းဆုံးထိန်းကျောင်းနိုင်တဲ့သူ။ ကျွန်မအမြင်အရတော့ သဲမာရဲ့ ဖိုးကုလားအပေါ်မှာရှိတဲ့ မေတ္တာတရားဟာ အချစ်မဟုတ်တဲ့ သံယောဇဉ်နဲ့ အားကိုးခြင်းဆိုတဲ့ အရာပါ။ ဘဝတလျှောက်လုံး သူမအပေါ်ကောင်းခဲ့တဲ့ ဖိုးကုလားကို သူမဟာ မောင်လေးတစ်ယောက်လို တင့်တောင်းတင့်တယ် ဖြစ်စေချင်လို့ ကြိုးစားပြီး မင်္ဂလာဆောင်ပေးခဲ့တာဟာ သူမရဲ့ အကြီးမားဆုံး တုံ့ပြန်မေတ္တာပါ။ ဗဟုသုတ အနေနဲ့ ဟိန္နူလူမျိုးတွေရဲ့ မင်္ဂလာပွဲထုံးတမ်းအစဉ်အလာအကြောင်းလေး သေချာရေးထားတာ သဘောကျပါတယ်။ ရေဒီယို အင်တာဗျူးတစ်ခုမှာ စာရေးဆရာမ သေသေချာချာ လေ့လာခဲ့တယ်ဆိုတာ နားထောင်ဖူးပါတယ်။ ဒီဝတ္ထုမှာ ဇာတ်သိမ်းကိုလည်း ကျွန်မသဘောကျပါတယ်။
ပြောရမယ်ဆိုရင် ကျွန်မက PDF ကို ဖတ်လို့လားမသိဘူး၊ ဇာတ်လမ်းက အရမ်းမြန်နေသလို ခံစားရတာလေးတစ်ခုပါပဲ။
မှတ်ချက်- ဒီဝတ္ထုက စာအုပ်ကို ဖတ်တာမဟုတ်လို့ ဓာတ်ပုံကို ငါတို့စာပေက ယူထားတာပါ။

📚📚
http://raboninco.com/aaqu




No comments:

Post a Comment