Wednesday, December 4, 2019

သော်တာအေးလဲ့ - မနက်ဖြန်မှပြုံးတော့မယ်

မနက်ဖြန် မှ ပြုံးတော့မယ်

စာအုပ်အဖုံးကို မြင်တော့ ဟာသစာအုပ်ဟုထင်မိသည်။ ပြီးတော့ နာမည်ကလည်း မနက်ဖြန် မှ ပြုံးတော့မယ် ဆိုတော့ သည်လိုတွေးမိသည်လေ။ ဖတ်ပြီးတော့မှ မိမိအထင်နှင့် ၀တ္ထုဇာတ်ကြောင်းက တက်တက်စင်အောင် လွဲသည်။ ဆိုတော့ အဖုံးကိုကြည့်ပြီးစာအုပ်ကိုမဆုံးဖြတ်နဲ့ ဆိုတာကို သတိရမိသည်။

စိမ့် (ခ) ကျီးညို ၏ ဘ၀ အကြောင်းကို သည်၀တ္ထုက ခြယ်သထားပေသိ အဓိကဇာတ်ဆောင် စိမ့်ကိုယ်၌ကလည်းကောင်း၊ ပန်းချီဆရာ လင်းသာ၊ ဒေါက်တာ ယမုန် သည်လည်းကောင်း၊ ကျော်ကျော်၊ ဂျိမ်းစ်၊ ထူးထူး ၊ ဝါနု၊ ဘဘကြီး၊ နဒီ စသူတို့သည်လည်းကောင်း စာရေးသူ လှစ်ဟပြချင်သော အကြောင်းအရာ တစ်ရပ်အတွက် အသုံးခံမျှသာ ဖြစ်သည်ဟု ဇာတ်လမ်းနိဂုံးသတ်သောအခါ ကျနော်မြင်မိလိုက်သည်။ ခံစားလိုက်မိသည်။ ဤကား ကျနော်၏ ပုဂ္ဂလဓိဋ္ဌာန်သက်သက်သာ။

ဇာတ်လမ်းတွင်ကား စိမ့်သည် စိမ့်ပင်။ အခြားဇာတ်ကောင်တို့သည်လည်း သူ့ သဘာ၀ မူဟန်နှင့် ရှင်သန်နေသည်သာ။ ထို့ကြောင့်လည်း စာရေးသူတင်ပြလိုသော အကြောင်းအရာ ကို နိဂုံး၌ ကျနော် ရှင်းရှင်းမြင်တော့၏။ သို့ရာတွင် ကျနော့်အဖို့ကား အကြောင်းအရာ သည် ဇာတ်လမ်းကို လွှမ်း၍သွား၏။ စာဖတ်ပြီးနောက်ဇာတ်လမ်းထက် အကြောင်းအရာ ကိုသာ စိတ်၌စွဲနေ၏။

၀တ္ထု၏နောက်ဆုံးစာကြောင်းအပြီး၌ ကျနော် သည် သက်ပြင်းရှည်ရှည်ချမိသည်။ မနက်ဖြန်မှ ကျနော်ပြုံးပါတော့မည်။

📚📚
http://legeerook.com/1WAl




No comments:

Post a Comment